Sunday 24 July 2011

ဆရာတော်၏ နိုင်ငံရေးရာအယူဆများ

ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံးသော ဒီမိုကရေစီ ဟုမ္မရူးအုပ်ချုပ် ရေးကို ကျွန်ုပ်တို့ ဗမာကလည်း အင်္ဂလိပ်အစိုးရထံတွင် ဇွတ်အတင်း ၊ မရမနေတောင်းနေခဲ့ပြီ။ 

ယင်းသို့ တောင်းသည့်အပြင်လည်း အင်္ဂလိပ်အစိုးရတို့ မပေးမနေနိုင်ရအောင် ဘေးကြပ်နံကြပ် သတ်အမျိုးမျိုးကို ဖိနှိပ်ရိုက်သွင်း ခဲ့ကြပြန်သည်။ 

ဤသို့ဆောင်ရွက်မှုဝဝတွင် လေမုန်တိုင်းကဲ့သို့ ပြင်းပြထက်သန်သော စည်းရုံးခြင်းအင်အားကြီးသည် တအိအိနှင့် တောင်ပေါ်ကျရေကဲ့သို့ အဟုန်ပြင်းစွာ ပေါ်ပေါက်လာခဲ့ပြန်ပြီး။

အင်္ဂလိပ်မရိယာယ်

အင်္ဂလိပ်အစိုးရသော်၎င်း၊ အင်္ဂလိပ်အစိုးရ၏ စက်ယန္တ ရားကို လှည့်ပေးနေရသူ အရာရှိတို့ကသော်၎င်း ဆရာတော်ဦးဥတ္တမအား ထောင်သွင်းအကျဉ်းမထားခဲ့သော် ဤမျှစည်းရုံးမှုအင်အား အဟုတ်ပြင်းပြ ထက်သန်လာမည်မဟုတ်ပေ။ 

ဘိလပ်သို့နှစ်ကြိမ်တိုင်တိုင် ကိုယ်စားလှယ် စေလွတ်တောင်းဆိုလျက် အင်္ဂလိပ်အစိုးရက ဂရုမထားရှိနေရာ ဗမာလူမျိုးတို့ ထိုအချိန်က ဘာလုပ်၍ဘယ်လမ်းလိုက်ရမည်ဟုပင် မဝေဖန်နိုင်ကြပေ။

ထက်သန်လှသော ဤစည်းရုံးမှုအင်အားကို ကျွန်ုပ်တို့ထက် နိုင်ငံရေးပရိယာယ်တွင် အဆပေါင်းရာထောင်မက သာလှသော အင်္ဂလိပ်တို့က တဖန် ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲလိုက်ပြန်သည်ကို တွေ့ရသည်။ 

အတိတ်သည်ကား အထူးအဆန်းဟု မဆိုရစေကာမူ နိုင်ငံရေးသောကား ဤသို့သူတမယဥာဏ်ထားလျှင် ချည်းအနှီးမဖြစ်ပေ။

၎င်းကား ၁၉၁၉-ခုနှစ်တွင် အိန္ဒိယသို့ ပေးအပ်သော ဒိုင်အာခီအုပ်ချုပ်ရေးနည်းစနစ်အရ ဗမာပြည်ကိုလည်း တန်းတူထား၍ အိန္ဒိယအတွင်း ပြည်နယ်ကြီးတခုအဖြစ် ပြုပြင်ပြောင်းလဲရေးကို ပေးမည်ဆိုသော ကြေငြာချက်ထွက်ပေါ်လာပြီးနောက် ၁၉၂၀-ခုနှစ်တွင် ပေးအပ်ပြီး ထိုနှစ် ဒီဇင်ဘာလတွင် ပထမရွေးကောက်ပွဲ ကျင်းပရန်ဖြစ်ပေါ်လာသည်။

ထိုအုပ်ချုပ်ရေး အထမြောက်အောင် ဆောင်ရွက်ရန်ကိုလည်း ယခင်ကလက်ဖတင်နင်ဂါဝါနာ ခေါ်ဘုရင်ခံအဖြစ် ဆောင်ရွက်သွားခဲ့ဖူးသော ဆာဟာကုတ် ဘတ္တလာအာဂါဝါ ခေါ် ဘုရင်ခံကြီးတယောက်အနေနှင့် ခန့်အပ်ပြီး ဗမာပြည်သို့ ပြန်လွတ်သည်။

ဆာတာကုတ်ဘတ္တလာနှင့် ဗမာပြည်

ဆဟာကုတ်ဘတ္တလာသည် ဗမာများနှင့်လွန်စွာ သင့်မြတ်သူဖြစ်၍ အိန္ဒိယသို့ပြောင်းလဲပေးသော အုပ်ချုပ်ရေးမျိုးရအောင် ဆောင်ရွက်ကြရန် အိန္ဒိယသို့အပြန် သင်္ဘောပေါ်၌လိုက်ပို့သော ဦးဘကူ၊ ဦးမေအောင်တို့ကို အကြ့ပေးဥာဏ်ပေး လှုံ့ဆော်ပေးခဲ့ဖူးသည့်အတွက် ထိုအခါက သူ့အားဗမာများက တော်တော်အားကိုးအားထားြု့ခဲ့ကြသည်။

 ဗမာပြည်သို့ ရောက်သောနေ့ပင် ဘတ္တလာအား ဂျူဘလီဟောတွင် လူကြီးပိုင်း လူသငယ်ပိုင်းက ဧည့်ခံနှုတ်ခွန်းဆက်ကြသည်။ ဘတ္တလာက စကားပြန်ပြောသည်မှာ လည်း အတော်ပင်ထိရောက်သော စကားဖြစ်၏။ 

သူ့လက်ထက်၌ ကောင်းမကောင်းဘေးချိတ်ပြီး သူပြောသည့်စကားများကို နည်းယူလျှင် အချည်းအနှီးမဖြစ်နိုင်ပေ။

ထိုချိန်၌ ဒိုင်အာခီအုပ်ချုပ်ရေးကို အိန္ဒိယကလက်မခံ သပိတ်မှောက်သလို ဗမာပြည်ကည်း မှောက်မည့်သူက ရာခိုင်နှုန်း-၉၀ မျှခန့်မှန်း ရသည်။ 

ဘတ္တလာက အုပ်ချုပ်ရေးစည်းမျဉ်း ဥပဒေဆိုတာကို ကောင်းသည် မကောင်းဘူအငြင်းပြနာဖယ်ထားပါ။ 

အုပ်ချုပ်သူကကောင်းလျှင် ပြီးတာပါဘဲဆိုသည်။ 
ထိုစကားမှာ နက်နဲသောအဓိပါယ်ကို ဆောင်၏။ 

သို့သော်သူပြောသည့်အတိုင်း လုပ်မလုပ်ကိုကား ဖော်ပြလတ္တံသော ဦးဥတ္တမမိန်းခွန်းများအရပင် ဗြူရိုကရက်သည် ဘယ်တော့မှ ဗြူရိုကရောင်းဖြစ်မည်မဟုတ်ချေ။

ဗမာများမှာလည်းတဖက်က ဒိုင်အာခီအုပ်ချုပ်ရေးအရ ရွေးကောက်ပွဲကိုဝင်ပြီး တွင်းပူးသတ်သင့်သည်။ 

အခြားတဖက်ကလည်း သပိတ်မှောက်ပြီး အင်္ဂလိပ်အစိုးရ စည်းမျဉ်များကို ဗမာပြည်တွင် လိုက်နာလုပ်ဆောင်၍ မဖြစ်နိုင်အောင် နှောင်အောင် နျောက်ယှက်ရမည်ဟု ဆိုသည်။

သတင်းစာတစောင်ကလည်း ကိုယ်သဘောသင့်မြတ်ရာဘက်က အားပေးကူညီလျှက် ရေးသားနေကြရာ တဖက်မှသစ္စာဖောက်၊ တဖက်မှမျိုးဖျက်မျက်ကန်းစသဖြင့် အတော်ပင် ဆူဆူပူပူ ဖြစ်နေကြသည်။

“ဟုံး” နှင့် “ဒိုင်” အပြိုင်ချ၍ ထိုဒိုင်အာခီကို လက်ခံသင့်သည်၊ လက်မခံဘဲ ဟုမ္မရူးရမှ လက်ခံသင့်သည် စသည်ဖြင့် အတိုက်အခံဖြစ်ကြနေခြင်းသည်လည်း တစတစပြင်ထန်လာရာ ဗမာလူမျိုးတို့သည် မိမိတို့၏ အဓိက ပစ်ကွင်းပစ်မှတ်ကို မြှားမလွတ်တော့ဘဲ မိမိတို့တပ်တွင်း၌ပင် အချင်းချင်း မြှားလွတ်ပြီး အုပ်ထည့်နေကြတော့သည်။ 

၁၉၂၀-ခုနှစ် ဒီဇင်ဘာတွင် ရွေးကောက်ပွဲ ပြုလုပ်တော့မည်ဖြစ်ရာ ၀င်သင့်မ၀င်သင့် ဆုံးဖြတ်ရန်ဟူ၍ ၎င်းနှစ် မေလထဲတွင် ဂျူဘလီဟော၌ ပြည်
လုံးကျွတ်အစည်းအဝေးကို ခေါ်ယူသည်။ 

ဆရာတော်ဦးဥတ္တမသည် ထိုအစည်းအဝေးတွင် မိန်းခွန်းတစ်ခု အကျယ်တ၀င့် မိန့်ကြားရာ၌ အဆုံးသတ်တွင် သပိတ်မှောက်ရန်ကို တိကျပြတ်သားစွာ ပြောဆို၏။

သို့သော် ကောင်စီဝင်သောသူတို့အပေါ် အရမ်းပုတ်ခတ်ခွပ်စွဲခြင်းဖြင့် မိမိတို့အကျိုးကို နစ်နာအောင် မပြုသင့်ကြောင်းဖြင့် သြ၀ါဒကို အောက်ပါအတိုင်း အဓိကထား၍ မိန့်ကြားတော်မူသည်။